တနင်္သာရီမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပ

တနင်္သာရီ ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မြို့နယ်သူနာပြုတပ်ဖွဲ့တို့ ဦးစီး၍ အ.ထ.က-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ဒီဇင်ဘာလ ၂၂ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။

၎င်းအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်း၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့်အသင်းအမှုဆောင်များ၊ သင်တန်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သား (၅၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားပြီး သင်တန်းအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးအင်ကိုက ကျေးဇူးတင်စကားပြောကြား ပေးပြီးနောက် သင်တန်းတွင် (ပထမ) ဆုရရှိသည့် Grade-11 မှ မဆောင်းမြင့်မြတ်အား မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌလည်းကောင်း၊ ဒုတိယဆုရ Grade-11 မှ မဝိုင်းတုံချစ်အား ဒုတိယဥက္ကဋ္ဌ ဦးအင်ကိုကလည်းကောင်း၊ တတတိယဆုရ Grade-10 မှ မဆုလဲ့ဝတီအား မြို့နယ်ပညာရေးမှူးကလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းလွှာများကို အသီသီး ချီးမြှင့်ပေးကြသည်။

ထို့နောက် အသင်းအုပ်ချုပ်သူများနှင့်အမှုဆောင်များက သင်တန်းသူ/ သား (၅၀) ဦးအား တစ်ဦးချင်းစီထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်ဇော်အောင်က သင်တန်းငွေစာရင်းရှင်းတမ်းကို ရှင်းလင်းဖတ်ကြားပေးပြီး အသင်းဥက္ကဋ္ဌ၊ အသင်းအုပ်ချုပ်သူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများက စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးကြ၍ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

အဆိုပါ ရှေးဦးပြုစုခြင်းသင်တန်း အောင်မြင်စွာပြီးမြောက်ရေးအတွက် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းအောင်တို့က ချီးမြှင့်ငွေနှင့်အချိုရည်ဗူးအာဟာရများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းသင်တန်းကို (၂၂-၁၂-၂၀၂၄မှ ၂၅-၁၂-၂၀၂၄) အထိ (၄) ရက်အကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ/ သား စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြသည်။  

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)