မိုင်းပျဉ်း ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှုမရှိစေရန် စျေးရောင်းသူနှင့် စျေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ မြို့မစျေးနှင့်ယာယီပျံကျစျေး တို့တွင် နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းစိုးဟိန်း နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်တို့က ယမန်နေ့ နံနက် ၆ နာရီခွဲက မိုင်းပျဉ်းမြို့မစျေး နှင့် ယာယီပျံကျစျေးတို့တွင် စျေးရောင်းချသူများအား Face Shield များနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ စျေးဝယ်သူများအား နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်းများတပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို အသိပညာပေးပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့မစျေးနှင့်ယာယီပျံကျစျေးများတွင် နေ့စဉ်ကိုဗစ်၁၉ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မေမွန်ထွဋ်( ပြန်ဆက်)