ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်

ဘားအံ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ ခရစ္စမတ်နေ့တွင် ဘားအံမြို့၊ ရဲသာရွာသစ်ရှိ မိတ်သဟာရအသင်းတော်၌ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။

ဦးစွာ မိတ်သဟာရအသင်းတော် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောမြတ်ထွဋ်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယေရှုခရစ်တော် မွေးဖွားခြင်းကို အထိမ်းအမှတ်ပြုသည့်နေ့အဖြစ် ခရစ္စမတ်နေ့ကို ကျင်းပကြခြင်းဖြစ်ပြီး ခရစ္စမတ်ကာလသည် လူအများကို ပြုံးပျော်စေသည့်၊ ပျော်ရွှင်ချမ်းမြေ့စေသည့် ကာလတစ်ခုဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်သူ ပြည်နယ်သားအားလုံး လွတ်လပ်ပျော်ရွှင်စွာ သွားလာနေထိုင်လုပ်ကိုင်နိုင်ရန်နှင့် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် ပေးလျက်ရှိသော်လည်း ငြိမ်းချမ်းရေးမရှိသည့် နေရာများတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့်အတွက် လွန်စွာမှပင်စိတ်မကောင်းဖြစ်ရပါကြောင်း၊ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့များဖွဲ့စည်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆရာတော်ကြီးများမှလည်း ဆုတောင်းမေတ္တာများ ပို့သပေးစေလိုကြောင်း၊ ခရစ္စမတ်အခါသမယတွင် ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာဝပြောခြင်းများနှင့်ပြီးပြည့်စုံစေရန် ခရစ္စမတ်ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိတ်သဟာရအသင်းတော်ဥက္ကဋ္ဌထံ ခရစ္စမတ်လက်ဆောင်၊ ဆန်၊ ဆီနှင့် အလှူငွေများပေးအပ်လှူဒါန်းပြီး အသင်းတော်မှ ခရစ္စမတ်လက်ဆောင်များ ပြန်လည်ပေးအပ်ချီးမြှင့်ကာ သင်းအုပ်ဆရာတော်ကြီးက ခရစ္စမတ်ဆုတောင်းမေတ္တာများ ပို့သပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ပေါ်ရှိ  မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်)ဘားအံသာသနာပိုင်နယ် ရှင်ပေတရုက သီဒြယ်ဘုရားရှိခိုးကျောင်း၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စု/သာယာကုန်းနှစ်ခြင်း အသင်းတော်၊ ကွယ်ကဘောကရင် နှစ်ခြင်းအသင်းတော်၊ GARUNA AG အသင်းတော်များသို့ သွားရောက်ပြီး ခရစ်တော်မွေးနေ့တွင် ဂုဏ်တော် (ကျေးဇူးတော်)ကိုချီးမွမ်းသောအားဖြင့် သင်းအုပ်ဆရာ၊ဂိုဏ်းအုပ်ဆရာတော်၊ နယ်စီးသာသနာပိုင်ကြီး၊  လက်ထောက်သင်းအုပ်ဆရာ၊ Father၊ သင်းထောက်၊ အသင်းလူကြီး၊ အမျိုးသမီးခေါင်းဆောင်များအား ခရစ်ယာန် အသင်းတော် (ဘုရားရှိခိုးကျောင်း)များအလိုက် သီးခြားစီဂါရဝပြုတွေ့ဆုံ၍ ခရစ္စမတ်လက်ဆောင်၊ ဆန်၊ဆီနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်နှင့် နယ်စီးသာသနာပိုင်ကြီးတို့ကလည်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်များ ပြန်လည်ပေးအပ်ကြသည်။

ထို့အတူ ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုတိုးတက်လာသည့်နှင့်အညီ ဒေသတွင်း ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၀/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာလ ၂၄ ရက်နေ့  မွန်းလွဲ ၂ နာရီက  ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရုံးပိတ်ရက်ရှည်ကာလအတွင်း လာရောက်လည်ပတ်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနေထိုင်စားသောက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍများတွင် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုကြောင်း၊ သန့်ရှင်းသာယာလှပသော ခရီးသွားမြို့တော်ဖြစ်စေရေး၊ စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ဒေသတွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဒေသကော်မတီမှ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ယခုအပတ် အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။

ခရိုင် (ပြန်/ဆက်)