မြိတ် ဒီဇင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပလျက်ရှိသည့် မြိတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၄၅) နှစ်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ဗိုလ်လုပွဲတွင် The Best ကလပ်အသင်းနှင့် Holiday ကလပ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြိတ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် Holiday ကလပ် အသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ရှေ့တန်း/ အလယ်တန်း/ နောက်တန်း အကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံးကစားသမားဆုနှင့် ဒုတိယဆုရရှိသောအသင်းအား လည်ဆွဲဆုနှင့် ငွေသားဆုတို့ကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပထဆုရရှိသောအသင်းအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြိတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲကို အသက် (၄၅) နှစ်အထက် ကလပ်အသင်း (၄) သင်း ပြိုင်ပွဲဝင်အားကစားသမား (၈၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒီဇင်ဘာ (၁၃) ရက်မှ (၂၄) ရက်အထိ ကျင်းပခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)