ငဖဲ ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန်နှင့် ဆီစားသုံးမှုဖူလုံစေရေး အထောက်အကူပြုနိုင်ရန် ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်ထိ ၈၆၄ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် ဒေသတွင်းစားသုံးနိုင်ရေးနှင့် ဆီစားသုံးမှုဖူလုံစေရေးကို အထောက်အကူပြုနိုင်ရန် အထွက်နှုန်းကောင်းမွန်သည့် ဆီထွက်သီးနှံများပိုမိုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်းနှင့် ပန်းနှမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံးတွင် ဧက ၁၉၀၀ စိုက်ပျိုးရန်လျာထားပြီး ဒေသခံ တောင်သူများက ယခုနှစ်အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ ၈၆၄ ဧက စိုက်ပျိုးပြီးဖြစ်သည်။
ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ငဖဲမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့၊ ဆီစားသုံးမှုဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး မြေပဲ၊ နေကြာ၊ နှမ်းနှင့် ပန်းနှမ်းကို စိုက်ပျိုးကြပါတယ်။ သတ်မှတ်လျာထားဧကပြည့်မီဖို့နဲ့ အထွက်နှုန်း ကောင်းမွန်စေဖို့အတွက် ဒေသခံတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ၊ စိုက်နည်းစနစ်များကို စနစ်တကျစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးတာတွေရှိသလို သက်ဆိုင်ရာကွင်းဝန်ထမ်းများကလည်း ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြောကြားသည်။
ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ (ဆောင်း) များအဖြစ် လက်ရှိအချိန်ထိ မြေပဲ (၁၅၁) ဧက၊ နေကြာ (၅၁၇) ဧက၊ နှမ်း (၁၂၀) ဧက နှင့် ပန်းနှမ်း (၇၆)ဧက စုစုပေါင်း (၈၆၄)ဧက စိုက်ပျိုးပြီးစီးပြီး ဒေသခံတောင်သူများအနေဖြင့် လျာထားချက်ပြည့်မီရေး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ဆီထွက်သီးနှံအဖြစ် နေကြာကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ရေမြေရာသီဉတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။
မယု(ငဖဲ)