ကျွန်းစု ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံတစ်ဝန်းလုံးမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းရရှိသည့် အလှူငွေများထဲမှ သိန်း ၁၅၀ ကျပ်နှင့် ဒေသခံအလှူရှင်များ လှူဒါန်းငွေ ကျပ်သိန်း ၁၂၀ ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာရှိ ဘဝအလင်းရောင် စာကြည့်တိုက်အသစ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း၊ အတွင်းရေးမှူး ရဲမှူးစိုးသန့်၊ အဖွဲ့ဝင် ဦးမြင့်လွင်နှင့် သြဘာစံကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမင်းမင်းဦးတို့က ဘဝအလင်းရောင်စာကြည့်တိုက် အဆောက်အအုံသစ်အား ဘင်ခရာအဖွဲ့များဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ထိုနောက် ဘဝအလင်းရောင်စာကြည့်တိုက် ကဗ္ဗည်းမော်ကွန်းအား တာဝန်ရှိသူများက အမွှေးနံ့သာများ ပက်ဖျန်း၍ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် မအိုင်ကျေးရွာ၊ ရွှေမအိုင်ကျောင်းတိုက်ဆရာတော် အရှင်သောဘိတက သြဝါဒစကားမိန့်ကြားခဲ့ပြီး အ.ထ.က-ပထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာပြည်မှာ စာပေပဒေသာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက စာကြည့်တိုက်ရှည်တည်တံ့ခိုင်မြဲရေးအကြောင်း အမှာစကားပြောကြားပြီးနောက် စာကြည့်တိုက်နှင့်ပတ်သက်သည့် အချက်အလက်၊ ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များအား ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ဘဝအလင်းရောင်စာကြည့်တိုက် ကော်မတီဝင်များက လက်ခံရယူခဲ့ပြီး ကျေးရွာနေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က-ပထက်ကျောင်းနှင့် အ.လ.က-မအိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ရာ တက်ရောက်လာသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း၊ အဆိုပါ ဘဝအလင်းရောင်စာကြည့်တိုက်သည် အလျား၂၀ပေ၊ အနံ၁၉ပေ ရှိပြီး သုတစာအုပ် (၃၀၁) အုပ်နှင့် ရသစာအုပ် (၁၉၃) အုပ်၊ စုစုပေါင်း (၄၉၄) အုပ်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)