ရေနံချောင်း မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ရေနံချောင်းမူလတန်းကြိုကျောင်း၌ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယ၊ ဉာဏစွမ်းရည်များ အစဉ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ ယမန်နေ့က ကာယစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲ အခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပသည်။

ဦးစွာ ရေနံချောင်းမူလတန်းကြိုကျောင်းမှ ကျောင်းသားကျောင်းသူလေးများက ကာယစွမ်းရည်ပြိုင်ပွဲများ ဖြစ်သည့် အငယ်တန်းအဆင့် အံသွင်း၊ ကြိုးသီ၊ အလံစိုက် အားကစားပြိုင်ပွဲများကိုလည်းကောင်း၊ အလတ်တန်းအဆင့် ဝက်အူရစ်၊ အရောင်ရွေးကြိုးသီ၊ မှိုစိုက်၊ အံသွင်း၊ ကြိုးထိုး၊ ကြက်ဥဇွန်းကိုက် အားကစားပြိုင်ပွဲများကိုလည်းကောင်း၊ အကြီးတန်းအဆင့် ခြေပူးပြေး၊ အင်္ကျီဝတ်၊ အိတ်စွပ်ပြေး၊ အံသွင်း၊ ဂေါ်လီသယ်၊ စာအုပ်ရွက်၊ ကုလားထိုင်လု အားကစားပြိုင်ပွဲများကိုလည်းကောင်း အသီးသီးပျော်ရွှင်စွာယှဉ်ပြိုင် ကစားခဲ့ကြသည်။

ယင်းနောက် ကာယစွမ်းရည် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ရေနံချောင်း မူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်ပပအုန်းနှင့် ဆရာမများက ဆုကလပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါအားကစာပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်