မြဝတီ ဒီဇင်ဘာ ၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် သောက်သုံးရေဖြန့်ဝေပေးသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးနိုင်မိုးကိုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့၏ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် မြဝတီမြို့နယ်အတွင်းရှိ မြဝတီရွှေပြည် (ရေပေးဝေရေး)ကုမ္ပဏီမှ မြို့တွင်းရေပေးဝေရေးစနစ်တွင် အသုံးပြုသွယ်တန်းထားသည့် ရေပိုက်များ ကောင်းမွန်မှုရှိ/မရှိစစ်ဆေးခြင်းနှင့် ဖြန့်ဝေပေးသည့် ရေအရည်အသွေး ရေသန့်စင်မှုနှုန်း စံသတ်မှတ်ချက် ပြည့်မီမှုရှိ/မရှိတို့အားလည်းကောင်း၊ Nice သောက်ရေသန့်နှင့် စံပယ်လှိုင်သောက်ရေသန့်စက်ရုံတို့အား စစ်ဆေးရာ၌ ရေသန့်ဘူးများထုတ်လုပ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိစစ်ဆေးခြင်း၊ ရေသန့်ဘူးခွံများသန့်ရှင်းမှုရှိ/မရှိ၊ ရေသန့်ဘူးများအား နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမရှိစေရေးစစ်ဆေးခြင်း၊ ရေသန့်ဘူးများပို့ဆောင်ရာတွင် အမိုးပါသော မော်တော်ယာဉ်များဖြင့် သယ်ဆောင်ကြရေးတို့ကိုလည်းကောင်း သိရှိလိုက်နာကြရန်စစ်ဆေးခဲ့ကြသည်။
ထို့အပြင် မြဝတီမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့တွင်းဈေးများ၌ ရောင်းချလျက်ရှိသည့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး အလားတူ မြို့တွင်းလမ်းမကြီးများ၊ လမ်းသွယ်လူစည်ကားနေရာများ၌ အသံချဲစက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ မြေစိုက်ပိုစတာစိုက်ထူပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ပူးပေါင်းအဖွဲ့များက အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း (မြဝတီ)