ပေါင်းတည်၌ ငရုတ် ၄၁၈ ဧက စိုက်ပျိုးထားပြီး တစ်ဧကလျှင် ပိဿာ ၆၀၀ ကျော် ထွက်ရှိ

ပေါင်းတည် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယခု ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ငရုတ် ၄၁၈ ဧက စိုက်ပျိုးထားပြီး တစ်ဧကလျှင် ပိဿာချိန် ၆၀၀ ကျော်ထွက်ရှိကြကြောင်း နတ်ပုတီးကျေးရွာ သီးနှံရောင်းဝယ်ရေးကုန်စိမ်းဒိုင်များမှ သိရသည်။

“ဒီနှစ်မှာ စီးပွားဖြစ်စိုက်ကြတဲ့ ငရုတ်စိုက်ခင်းတွေ အောင်မြင်ကြပါတယ်။ အခုဆိုရင် ငရုတ်တွေ ခူးပြီးရောင်းချနေဆဲပါ။ ပြီးခဲ့တဲ့လ ကတည်းက ငွေပေါ်နေတာပါ။အထွက်နှုန်းကတော့ တစ်ဧကကို ပိဿာချိန် ၆၀၀ ကျော် ၈၀၀ ကြားထွက်ရှိကြပါတယ်။ စိုက်ပျိုးရေလည်းကောင်းတော့ အရင်နှစ်ထက် ပိုထွက်ကြတယ်။ ငရုတ်ကစိုက်ပြီး နှစ်လခွဲလောက်ဆိုရင် ခူးပြီးရောင်းလို့ရပါတယ်။ ငရုတ်ဝယ်ယူတဲ့ စျေးကွက်လည်း ရှိတဲ့အတွက် မြို့ခံကုန်စိမ်းဒိုင်တွေက ရသလောက် ဝယ်ယူကြပါတယ်။စျေးလည်းကောင်းပါတယ်။ တစ်ပိဿာကို ၆၀၀၀ ကျပ် ဝန်းကျင်နဲ့ရောင်းဝယ်နေကြပါတယ်။ ဒီအရပ်မှာ အများဆုံးစိုက်တဲ့ငရုတ်ကတော့ သာမို-၁၁၊ ကုလားအော်နဲ့ မိုးမျှော်ငရုတ်မျိုးတွေပါပဲ” ဟု တောင်ဘို့လှကျေးရွာ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတစ်ဦးက ပြောကြားသည်။

ဒေသခံတောင်သူများက ဝဲကြီးဆည်မှ လယ်ကြား​မြောင်းရေ၊ မိုးရေ၊ ဝက်ပုတ်ချောင်း၊ ဘိုးသာအောင်ကုန်းချောင်းနှင့် နွားသတ်ချောင်းရေအပြင် ​မြေအောက်ရေတို့ကို စိုက်ပျိုးရေအဖြစ် ရယူသုံးစွဲကာ တစ်နှစ်ပတ်လုံး ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးကို စီးပွားဖြစ် စိုက်ပျိုးကြ​ကာ မိသားစုအပိုဝင်ငွေများရရှိနေကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း စိုက်ပျိုးရေးနည်းပညာများကို သိရှိကြစေရန်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးထားကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)