သဲကုန်း ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား(အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ဦးစိုးမင်းထွေးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဖြစ်ပွားနေသည့်ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးဆောင်ရွက် ကုသပေးခဲ့သည်။
သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁)ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံမှ သိရှိရသည်။
ကိုကျော်(ပြန်/ဆက်)