တောင်ငူ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ တာဝန်ရှိသူများက သင်တန်းအသီးသီးမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဗုဒ္ဓပူဇနိယ ဆီမီးခွက်အက၊ အပျိုတော် နတ်ပင့်အက၊ စည်းလုံးခြင်း၊ ဦးရွှေရိုးနှင့်ဒေါ်မိုး၊ အလှကမ္ဘာမြေ၊ ရုံးတော် လွှတ်တော်၊ မင်္ဂလာပါမြန်မာနှင့် လှမ်းခဲ့စေလို UCSTGO တက္ကသိုလ် တေးသီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တွင် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူ (၁၀၇)ဦးနှင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၂၄)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)