ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်

‌ရွှေဘို၊ ဒီဇင်ဘာ၂၄

စစ်ကိုင်းတိုင်း‌ဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများအနေဖြင့် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်နှင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေဘိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏအောင်ဦးဆောင်သော စည်ပင်သာယာရေးအဖွဲ့ဝင်များပူးပေါင်း၍ ရွှေဘိုမြို့နယ်အတွင်းရှိ ရွှေဘိုမြို့မဈေး၊ ကုန်းဘောင်ဈေးနှင့် အောင်ဇေယျဈေးတို့တွင် ဈေးဆိုင်ခန်းများ‌ ရှေ့တွင် တာလပတ်စများ ကာရံခြင်းမပြုလုပ်ရန်၊ ဈေးရုံတစ်ခုနှင့်တစ်ခုကြား ပလပ်စတစ်အမိုးများ မိုးထားခြင်းကို ဈေးပိတ်ချိန်ပြန်သိမ်းရန်၊ လုံခြုံရေးမီးနှင့် ပင်မမီးများသီးခြားခွဲထားရန်၊ အပေါ့စားမီးသတ်စက်များ အသင့်အသုံးပြုနိုင်‌ရေး ဆောင်ရွက်ထားရန်၊ ဈေးအတွင်းသို့ မီးသတ်ယာဉ်များ ဝင်လမ်း/ထွက်လမ်း ကောင်းမွန်‌ရေးဆောင်ရွက်ထားရန်၊ လေပေါင်မရှိသောမီးသတ်ဆေးဘူးများ အသစ်လဲလှယ်ထားရန်၊ ‌ဈေးလုံခြုံရေးဝန်ထမ်းများအား အပေါ့စားမီးသတ်စက်နှင့် မီးသတ်ဆေးဘူးတို့ဖြင့် မီးငြှိမ်းသတ်ရေး လေ့ကျင့်ပေးထားရန်၊ ဈေးအတွင်း လုံခြုံရေးတာဝန်ချထားရန်နှင့် ရေစင်နှင့်‌ရေကန်များတွင် ရေအပြည့်အမြဲဖြည့်ထားရန် မီးဘေးလုံခြုံ‌‌ရေးစစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဈေးများအတွင်းရှိ မီးသတ်ရေပိုက်ခေါင်းများမှ ရေထွက်အားကောင်းမွန်ခြင်း ရှိ/မရှိ၊ အပေါ့စား မီးသတ်စက်နှင့်မီးသတ်ဆေးဘူးများ ကောင်းမွန်ခြင်း ရှိ/မရှိ စစ်ဆေး၍ မီငြှိမ်းသတ်ယာဉ်(၂)စီး၊ အပေါ့စားမီးသတ်စက်များဖြင့် ရွှေဘိုမြို့ မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ရွှေဘိုခရိုင် (ပြန်/ဆက်)