ကန်ကြီးထောင့် ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေကုသခြင်းနှင့် ကျောင်းတွင်းအဟာရကျွေးမွေးခြင်းဆိုင်ရာလုပ်ငန်းများ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည့်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်ကျန်းမာရေးမှူး ဒေါက်တာခင်မာလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်ခဲ့ကြသည်။
ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာခင်မာလွင်က “တီဘီရောဂါရှာဖွေတွေ့ရှိမှုသမိုင်းကြောင်း၊ ကလေးတီဘီလက္ခဏာများ၊ တီဘီလူနာတစ်ဦးလိုက်နာရမည့်အချက်များ၊ နောက်ခံအကြောင်းအရာများ၊ တီဘီရောဂါလူနာရှာဖွေတွေ့ရှိမှုအခြေအနေများ၊ ရည်ရွယ်ချက်၊ စီမံချက်ဆောင်ရွက်မည့်ကာလ၊ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ သံသယလက္ခဏာများ၊ ကျန်းမာရေးဌာနမှ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကျောင်းတွင်းအဟာရ ကျွေမွေးခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ ကလေးများ၏ အနည်းဆုံးအဟာရလိုအပ်ချက်များ၊ ကျောင်းတွင် အဟာရကျွေးမွေးခြင်းနှင့်အတူ ဆောင်ရွက်ရမည့်လုပ်ငန်းများ ” စသည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးအား တစ်ဆက်တည်းကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်ကျန်းမာရေးမှူးက “ကျောင်းကျန်းမာရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ ကျောင်းကျန်းမာရေးကော်မတီ ဖွဲ့စည်းပုံအဆင့်ဆင့်၊ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီ၏ တာဝန်နှင့်ဝတ္တရာများ၊ ကျောင်းကျန်းမာရေးဆောင်ရွက်ပေးလျက်ရှိသည့် မြို့နယ်အဆင့်ဌာနများ၊ နှစ်အလိုက်ကျောင်းကျန်းမာရေး စစ်ဆေးပေးနိုင်မှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဦးစားပေးဆောင်ရွက်သည့် ကျောင်းကျန်းမာရေးလုပ်ငန်းများ” အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ကျောင်းအခြေပြု တီဘီရောဂါရှာဖွေကုသခြင်းနှင့် ကျောင်းတွင်းအဟာရကျွေးမွေးခြင်း ဆိုင်ရာလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးကော်မတီနှင့်ပတ်သက်၍ သိရှိလိုသည်များအားမေးမြန်းခဲ့ရာ မြို့နယ်ကျန်းမာရေးမှူးက လိုအပ်သည်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)