ကြံခင်းမြို့တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီဝင်များနှင့် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကြံခင်း ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီဝင်များနှင့် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီနာယက၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များသည် အနာဂတ် နိုင်ငံတော်အတွက်အရေးပါသော နိုင်ငံသားကောင်းရတနာများဖြစ်သဖြင့်ကာယ၊ဉာဏ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် ကျန်းမာပျော်ရွှင်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်သည် များစွာအထောက်အကူဖြစ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ခြင်းအား ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာဝင်းနိုင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျန်းမာရေးလုပ်ငန်းဆောင်ရွက်ချက်များမှတွေ့ရှိချက်များနှင့် ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးပြီးနောက်၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဒု-ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေးက တစ်နှစ်တာ ကျောင်းကျန်းမာရေးလုပ်ငန်းပူးပေါင်းပါဝင်မှုနှင့် ကျောင်းသား/သူများခန္ဓာကိုယ်ကျန်းမာစေရေး၊ အာဟာရပြည့်ဝစေရေး၊ ရောဂါကင်းစွာပညာသင်ယူနိုင်ရေးအတွက် ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းစဉ်၌ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးပါသည်။

ယင်းနောက် တတ်ရောက်လာကြသော မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် ကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့ဝင်များက သိရှိလိုသောအချက်များအား မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက်၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီနာယက၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်က နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးပြီးမြောက်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)