နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

တောင်ငူ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ(၃၀၀)ဦးခန့် တက်ရောက်သည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်ဝင်းမွန်က အမှာစကားပြောကြားရာတွင် တက္ကသိုလ်၏ပညာရေးကို ရလဒ်အခြေပြုပညာရေးအဖြစ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အင်ဂျင်နီယာဘွဲ့သင်တန်းများအတွက်အရည်အသွေးစိစစ်အသိအမှတ်ပြုခံနိုင်ရေး စံသတ်မှတ်ချက်များနှင့်အညီ သင်ကြားသင်ယူမှု၊ သုတေသနပြုမှုနှင့် ဝန်ဆောင်မှုအပိုင်းတွေကို အကောင်အထည်ဖော်ရာမှာ Student Center Learning ပုံစံဖြစ်၍ ဘွဲ့သင်တန်းအလိုက် အနည်းဆုံးသိရမယ့် အခြေခံ Knowledge, Skill, Altitude များရရှိရန်အတွက် ဆရာ၊ ဆရာမများမှလည်း ဘာသာရပ်အလိုက် Learning Outcome များချမှတ်ထားရမည်ဖြစ်သည်။ ချမှတ်ထားသော Learning Outcome များရရှိနိုင်ရန် သင်ကြားသင်ယူမှု နည်းလမ်းကောင်းများဖြင့် သင်ကြားရမှာဖြစ်ပြီး၊ Assessments ပြုလုပ်မည့်ပုံစံများ၊ အမှတ်ခွဲဝေပုံများကိုလည်း ကျောင်းသားကျောင်းသူများသိရှိစေခြင်းနှင့် ကျောင်းသားကျောင်းသူများကလည်း အခြေခံလိုက်နာရမည့်ကျင့်ဝတ်များဖြစ်သော တက္ကသိုလ်မှ ချမှတ်ထားသော ကျောင်းစည်းကမ်း၊ စာသင်ခန်းလက်တွေ့ခန်းသုံးသည့်အခါ လိုက်နာရမည့် စည်းကမ်း၊ အဆောင်စည်းကမ်းများကို စနစ်တကျလိုက်နာပြီး အင်ဂျင်နီယာပညာရပ်များကို ဆည်းပူးလေ့လာရင်းဖြင့် ကျင့်ဝတ်နှင့်ပြည့်စုံသော၊ စိတ်ဓာတ်စည်းကမ်းကောင်းသော၊ ဗလငါးတန်ဖြစ်တဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလနှင့် ပြည့်စုံသော ဘွဲ့ရအင်ဂျင်နီယာများဖြစ်အောင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အားသွန်ခွန်စိုက်ကြိုးစားကြဖို့ တိုက်တွန်းလိုကြောင်းအမှာစကားပြောကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(တောင်ငူ)၊ သင်တန်းရေးရာဌာနမှ ဌာနမှူး ဒေါက်တာသင်းသင်းခိုင်နှင့် စီနီယာအစ်ကိုကြီး၊ အစ်မကြီးကိုယ်စား ကျောင်းသားကြီး မောင်ထိန်လင်းအောင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့် ဌာနမှူးများက ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသားကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)