ရှမ်းရွာသစ် ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ဆောင်းဦးရာသီကာလရောက်ပြီဖြစ်၍ မိသားစု အပိုဝင်ငွေရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စားဖိုဆောင်သီးနှံပင်များကို မိမိတို့၏ အိမ်ခြံမြေများနှင့် တောင်ယာများတွင် မိုးစတင်ရွာသွန်းသည့် အချိန်တွင် တောင်ယာငရုပ်၊ တောင်ယာပဲသီး၊ တောင်ယာခရမ်းသီး၊ ကန်စွန်း၊ ချဉ်ပေါင်၊ သခွား၊ ရုန်းပတီပင်၊ ဘူးပင်၊ ရွှေဖရုံပင်နှင့် ခဝဲပင်များကို သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် ဒေသနေပြည်သူများ အများဆုံးနှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ်စားသုံးကြသည့် ရာသီစာသီးနှံများဖြစ်ကြောင်း၊ အဆိုပါသီးနှံများ စိုက်ပျိုးသည့်အချိန်တွင် တောင်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများရရှိရေးအတွက် မြို့စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း နည်းပညာပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားဖိုဆောင်သီးနှံများကို မြို့ပေါ်များမှ ဝယ်ယူစား သုံးရန်မလိုဘဲ ဒေသတွင်း၌သာ အချိန်မရွေး ဝယ်ယူစားသုံးနိုင်သည့်အတွက် ဒေသနေပြည်သူများ အစဉ်အမြဲ စိုက်ပျိုးကြကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဆောင်းရာသိကာလတွင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်လုပ်ငန်း၊ ဥယျာဉ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)