ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်နိုင်ရန်၊ ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်မှတစ်ဆင့် ကျန်းမာရေးအဆင့် မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက်အရေးပါသည့် လူ့စွမ်းအားများဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံနိုင်သူများဖြစ်ရန် ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ကျင့်သုံးနိုင်စေရန်၊ ကျန်းမာပျော်ရွှင်သည့် ပညာသင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်စေရေးအတွက် လုပ်ငန်းစဥ်များ ချမှတ်ဆောင်ရွက်လျက်ရှိပြီး (၂၀၂၄- ၂၀၂၅) ပညာသင်နှစ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေကုသခြင်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များဗလငါးတန်ပြည့်စုံ၍ ကျန်းမာရေးပြည့်စုံကောင်းမွန်သည့်လူငယ်များမွေးထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူများပူးပေါင်း၍ ပိုမိုတိုးတက်လာစေရေးအကြံပြုဆွေးနွေးပေးကြရန် မှာကြားဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက ကျောင်းအခြေပြု တီဘီရောဂါရှာဖွေကုသခြင်းလုပ်ငန်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများ၊ အသင်းအဖွဲ့တာဝန်ရှိသူများ၏ သိရှိလိုသည့်မေးမြန်းချက်များနှင့် အကြံပြုချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေကုသခြင်းလုပ်ငန်းများကို (၂၀၂၄) ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်း (၂၂၁) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနက တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း