ဓနုဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများဦးရေ၏ (၂၅%) အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြက်ဥ ၁၀ လုံးနှုန်း ချီးမြှင့်ပေးအပ်ခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေး

ဓနုဖြူ ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကြက်ဥများပေးအပ်ခြင်းကို ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အမှတ် (၈) ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ဓနုဖြူမြို့နယ်အတွင်း ပင်စင်စားနိုင်ငံ့ဝန်ထမ်း ၂၃၇၃ ဦးရှိရာ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား (၃၆၀)ဦး အား ကြက်ဥ ၁၀ လုံးနှုန်းဖြင့် ချီးမြှင့်ပေးအပ်နိုင်ခဲ့ပြီး ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာနမှ ယနေ့ ပင်စင်လာရောက်ထုတ်ယူသူများအနက်မှ ကျန်းမာရေးလာရောက်စစ်ဆေးခံယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စား ဦးရေ (၃၆၀) ဦးအား ကျန်းမာရေးစစ်ဆေးမှုအခမဲ့ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်တိုင်းတာခြင်း၊ အထွေထွေရောဂါလူနာများအား လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကြက်ဥများပေးအပ်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးချစ်ဝေအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်များမှ လိုအပ်သည်များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)