ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမြေပဲ (၁၅၇၀) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်စေရန်နှင့် စားသုံးဆီ ဖူလုံပိုလျှံစေရန်အတွက် ဒေသခံတောင်သူများက ဆီထွက်သီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ဒီဇင်ဘာလ (၂၂) ရက်နေ့ထိ မြေပဲသီးနှံ (၁၅၇၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး (၂၉၃၀) ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပဲ (၁၅၇၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအားတိုးတက်စေဖို့၊ ဆီစားသုံးမှု ဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲကို (၂၉၃၀) ဧကထိ လျာထား စိုက်ပျိုးလျက်ရှိရာမှာ ဒီနေ့ထိ (၁၅၇၀)  ဧက  စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီဖို့နဲ့ အထွက်နှုန်း ကောင်းမွန်စေဖို့အတွက် ဒေသခံ တောင်သူတွေကို မြေပဲစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးဆိုင်ရာ ပညာပေးတာတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်ဒေသနှင့် ကိုက်ညီသည့် ဆင်းပဒေသာ-၁၁ မြေပဲမျိုးများကိုသာ  အဓိက စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများကို အရည်အသွေးကောင်းသော သီးနှံများ ထွက်ရှိရေး၊ စိုက်ပျိုးရေး သွင်းအားစုများ စနစ်တကျ သုံးစွဲရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး စသည့် စိုက်ပျိုးရေး အသိပညာပေးခြင်းများကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက မြေပဲ (၁၆၆၁) ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ဧက ၃၆၁၉ ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခု ဆောင်းသီးနှံ စိုက်ပျိုးရာတွင်လည်း မြေပဲစိုက်ဧက (၂၉၃၀) ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့ထိ (၁၅၇၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် သတ်မှတ်စိုက်ဧက ပြည့်မီရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာစပ်ဆက်ဌာနများက လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )