ဟားခါး နိုဝင်ဘာ ၃၀
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိမော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသော အချက်များနှင့်အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင် ရွက်နိုင်စေရေး အတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ပူးပေါင်းအဖွဲ့ များမှ Swab နမူနာ စစ်ဆေးခြင်းများအား နိုဝင်ဘာလ ၃၀ရက်နေ့ နံနက် ၉ နာရီအချိန်က ဟားခါးမြို့အဝင် စစ်ဆေးရေး ဂိတ်များတွင် အရှိန် အဟုန်မြှင့် ဆောင်ရွက်မှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြီး ကြပ်လျက် ရှိကြောင်း သိရှိရသည်။
အဆိုပါ ကြီးကြပ်ကွင်းဆင်းဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူ ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တို့မှ တာဝန်ရှိသူများက Swab နမူနာ စစ်ဆေးခြင်းရှိန်အဟုန်မြှင့်ဆောင်ရွက်မှု အခြေအနေများ အား ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့သို့ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးပြီး Negative အဖြေရသူ များကိုသာ ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ Swab နမူနာ စစ်ဆေးပြီး Positive အဖြေရသူ ရှိခဲ့လျှင် ဟားခါးပြည်သူ့ ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ဆေးကုသမှုခံယူ စေမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ အဝင်စစ်ဆေး ရေးဂိတ်တွင် နံနက်ပိုင်း (၉)နာရီမှ (၁၁)နာရီအထိ၊ ညနေပိုင်း(၂)နာရီမှ (၄)နာရီအထိ အချိန် နှစ်ပိုင်းခွဲ၍ ဆက်လက် စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ(Swab Negative Certificate)ထောက်ခံစာ မြို့တွင်းဝင်ထွက် သွားလာခွင့် ထုတ်ပေး သွားမည်ဖြစ်ကြောင်း၊ Swab နမူနာ(၁)ကြိမ် စစ်ဆေးလျှင် ငွေကျပ်(၁၀၀၀၀) ပေးဆောင်ရမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးလျှင် စစ်ဆေး Negative (သို့မဟုတ်) Positiveသိရှိနိုင်ရန် (၂၅)မိနစ်နှင့် မိနစ်(၃၀)ကြာမြင့်ကြောင်း၊ ကျန်းမာရေး စစ်ဆေးခြင်းကို လိုက်နာမှု မရှိသူများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေး အကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ရက်နေ့မှစတင်၍ ဟားခါးမြို့ အဝင်ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ မော်တော်ယာဉ် အစီးရေ စုစုပေါင်း(၁၃၄၃)စီး၊Swab နမူနာစစ်ဆေး သည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် စုစုပေါင်းဦးရေ(၂၁၀၁)ဦး၊ရောဂါပိုး တွေ့ရှိသူ(၅)ဦးအထိရှိ လာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)