ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဆုတောင်းစကားပြောကြား

ဘားအံ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံရာ၌ ဆုတောင်းစကားပြောကြားသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘားအံမြို့ပေါ်ရှိ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ကရင်နှစ်ခြင်းအသင်းတော်၊ သတ္တမနေ့ဥပုသ်အသင်းတော်၊ စိန့်ဖရန့်စစ် ဇေးဗီးယဲကက်သလစ်ဘုရားရှိခိုးကျောင်းများသို့ သွားရောက်ပြီး ခရစ်တော်မွေးနေ့တွင် ဂုဏ်တော်(ကျေးဇူးတော်)ကို ချီးမွမ်းသောအားဖြင့် သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်၊ လက်ထောက်သင်းအုပ်ဆရာ၊ Father ၊ သင်းထောက်၊ အသင်းလူကြီး၊ အမျိုးသမီးခေါင်းဆောင်များအား ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များအလိုက် သီးခြားစီ ဂါရဝပြုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ်သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း မေတ္တာတရားထုံလွမ်းသော လူ့ဘောင်လောကကို တည်ဆောက်သွားကြရမည်ဖြစ်ပြီး ဆရာတော်ကြီးများ၏ သီလဂုဏ်သမာဓိဂုဏ်များဖြင့် ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းရေးအတွက် ဘာသာတရား၏အဆုံအမဖြင့် မေတ္တာပို့ဆုတောင်းပေးကြရန် ဆုတောင်းစကားပြောကြားပြီး ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များ၏ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်များအား ခရစ္စမတ်အထိမ်းအမှတ် ဂါရဝလက်ဆောင်၊ ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်ခဲ့ရာ သင်းအုပ်ဆရာတော်ကြီးများကလည်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထို့အတူ ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များမှ သင်းအုပ်ဆရာတော်ကြီးများက ခရစ္စမတ်ဆုမွန်ကောင်းစကားများ ပြောကြား၍ ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြသည်။

ဆက်လက်၍ ဘားအံတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင် ကြိုးစားပြီး နိုင်ငံတော်တိုးတက်ရေးအတွက် ပညာအစွမ်းနှင့်ထမ်းဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစား၍ ဘားအံတက္ကသိုလ်၏ဂုဏ်၊ ကရင်ပြည်နယ်၏ ဂုဏ်၊ အမိနိုင်ငံတော်၏ ဂုဏ်ကို ဆောင်နိုင်သော နိုင်ငံတော်က အားထားရမည့် သားကောင်း၊သမီးကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်က မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညို၊ ခိုင်မာလာနှင်းဆီ၊ ပန်းတိုင်းပွင့်ပါစေ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံတွင် ဘားအံတက္ကသိုလ် King နှင့် Queen တို့ကိုရွေးချယ်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က KING နှင့် QUEEN ရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဘားအံတက္ကသိုလ်တွင် ဝိဇ္ဇာဘာသာရပ်ဌာန (၈) ခုနှင့် သိပ္ပံဘာသာရပ်ဌာန (၆) ခု စုစုပေါင်းသင်ကြားရေးဌာန (၁၄) ခုတွင် အသစ်ဖွင့်လှစ်သည့် အသုံးချဘာသာရပ် (၂) ခု အပါအဝင် ဘာသာရပ်ပေါင်း (၁၆) ခုကို သင်ကြားပေးနေပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပထမနှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၂၆၅) ဦးက ဘာသာရပ်ပေါင်းစုံတွင် တက်ရောက်ပညာသင်ကြားကြမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဘားအံတက္ကသိုလ် ပညာ့ရိပ်သာခန်းမ၌ အထူးနေ့လည်စာစားပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အထူးနေ့လည်စာအတွက် ငွေကျပ် ၁၀၁၂၀၀ဝိ/- (တစ်ဆယ့်သိန်းတစ်သောင်းနှစ်ထောင်ကျပ်) ကို ပါမောက္ခချုပ်ထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံတက္ကသိုလ်ရှိ အဆောင်နေ ကျောင်းသား၊ကျောင်းသူများ၊ ပါမောက္ခ၊ ဒုတိယပါမောက္ခ၊ ကထိက၊ နည်းပြ၊ သရုပ်ပြများ၊ ဝန်ထမ်းများနှင့်အတူ အထူးနေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)