ရှမ်းရွာသစ် ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများပြီး ကျေးရွာများရှိ ဒေသခံပြည်သူအများစုသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်သည် တောတောင်များသို့ သွားရောက်ပြီး ပျားရည်များ ဖွတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ကနှစ်စဉ်သဘာဝပျားရည်စစ်စစ်ရောင်းချပါတယ်။ နွေရာသီကာလရောက်ပြီဆိုလျှင် တောင်ယာလုပ်ငန်းလည်းပြီးပြီဖြစ်သည့်အတွက် အပိုဝင်ငွေရရှိရေး တောတောင်များသို့ သွားရောက်ပြီး ပျားရည်များ ဖွတ်ယူရောင်းချပါတယ်။ ယခင်နှစ်က ပျားရည်ရေသန့်ဘူးတစ်ဘူးလျှင် (၁၀၀၀၀)ကျပ်သာ ရရှိပြီး ယခုနှစ်မှာတော့ (၁၅၀၀၀)ကျပ်အထိ ရရှိသောကြောင့် မိသားစုအပိုဝင်ငွေ ရရှိပြီး စားဝတ်နေရေး အဆင်ပြေပါတယ်။ ပျားအုံတစ်အုံလျှင် ပျားရည်(၂၀)ပုလင်းထိ ရရှိပါတယ်၊ သစ်ပင်ကြီးတစ်ပင်လျှင် ပျားအုံ(၁)အုံမှ (၃)အုံထိရှိသည့်အတွက် ပျားရည်ရောင်းချသည့် လုပ်ငန်းသည် အဆင်ပြေပါတယ်" ဟုပျားရည်ရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
သဘာဝပျားရည်စစ်စစ်သည် ဆေးဖက်လည်းဝင်ပြီး လူကြိုက်များသည့် အစားအစာတစ်မျိုးဖြစ်ကြောင်း၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသနှင့် မဲသဝေါကျေးရွာတို့ရှိ ပြည်သူများက နှစ်စဉ်ဈေး ကောင်းပေးဝယ်ကြောင်း၊ ဒေသတွင်းဝယ်ယူမှုများပြားသည့်အတွက် ယခုအချိန်ရောက်လျှင် ပျားရည်စစ်စစ် ရောင်းချသည့် မိသားစုများ အပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)