မြိတ်မြို့၌ အခြေခံပညာအဆင့် (Grade-12) ခရိုင်အဆင့်နှင့် (Grade-9/ Grade-5) မြို့နယ်အဆင့် သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် (ဘာသာစုံ) ဆွေးနွေးပွဲ ကျင်းပ

မြိတ် ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံပညာအဆင့် (Grade-12) ခရိုင်အဆင့်နှင့် (Grade-9/ Grade-5) မြို့နယ်အဆင့် သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် (ဘာသာစုံ) ဆွေးနွေးပွဲကို ဒီဇင်ဘာ (၂၃) ရက် နံနက် (၈) နာရီခွဲက အ.ထ.က (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို အခြေခံပညာကျောင်းများတွင် သင်ကြား၊ သင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာမူလတန်းအဆင့်သင် Grade-5(သင်ရိုးသစ်)နှင့် အလယ်တန်းအဆင့်သင် Grade-9 (သင်ရိုးသစ်)၊ အထက်တန်းအဆင့်သင် Grade-12 (သင်ရိုးသစ်) ဆရာ/ မများ၏ ဘာသာရပ်အလိုက် သင်ကြားမှု အရည်အသွေးများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ခံခရိုင်ပညာရေးမှူး ဒေါ်သီတာစိုးက ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲကို စတင်ခဲ့ကြသည်။ ဆွေးနွေးပွဲသို့ Grade-5 ဆရာ/ မ (၂၃၃) ဦး၊ Grade-9 ဆရာ/ မ (၂၃၅) ဦးနှင့် Grade-12 ဆရာ/ မ (၄၀၉) ဦး တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာ (၂၃) ရက်မှ (၂၇) ရက်အထိ ဆွေးနွေးကြမည်ဖြစ်သည်။

ဆွေးနွေးရာတွင် အခြေခံပညာမူလတန်းအဆင့်သင် Grade-5 (သင်ရိုးသစ်)နှင့် အလယ်တန်း အဆင့်သင် Grade-9 (သင်ရိုးသစ်) ဆရာ/ မများကို အ.ထ.က (၁) တွင် ဘာသာရပ်အလိုက် ဆွေးနွေးသွားမည်ဖြစ်ကာ အထက်တန်းအဆင့် Grade-12 (သင်ရိုးသစ်) ဆရာ/ မများကို အ.ထ.က (၂) တွင် ဘာသာရပ်အလိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)