ထားဝယ် ဒီဇင်ဘာ ၂၃
၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်းဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆရာဟူသည် ထာဝရကျောင်းသားကြီးဖြစ်သည်နှင့်အညီ မိမိကိုယ်ကိုပြန်လည်သုံးသပ်၍ အသစ်အသစ်သော ပညာရပ်များကိုလည်း အစဉ်အမြဲလေ့လာဆည်းပူးနေရမည်ဖြစ်ကြောင်း၊ ဒါ့အပြင် အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့်များနှင့်ချိတ်ဆက်ပြီး အရည်အသွေးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပည့်များ၏ သင်ကြားသင်ယူမှုဖြစ်စဉ်တွင် ကိုယ်ပိုင်စိတ်ကူးအယူအဆများ ထုတ်ယူတတ်ရန်၊ အပြန်အလှန်ဆွေးနွေးနိုင်စေရန် ဆရာ၊ ဆရာမများက လမ်းပြကူညီပေးရမည်ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံသားတစ်ဦးချင်းစီ၏ဘဝ အဆင့်အတန်းတိုးတက်မြင့်မားစေရန် အခွင့်အလမ်းများ ဖန်တီးပေးပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အထောက်အကူဖြစ်စေကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးကြီးသော အရင်းအနှီးသည် ပညာရေးဖြစ်ကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း၏ မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သင်ကြားရေးပိုင်းပါ အားဖြည့်ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ပညာသည်မကုန်ခမ်းနိုင်သော အရင်းအမြစ်ဖြစ်သည့်အတွက် ပညာရေးအဆင့်အတန်းမြင့်မားအောင် နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး သင်ရိုးညွှန်တမ်းများကို ခေတ်နှင့်အညီပြောင်းလဲရေးဆွဲခြင်း၊ အရည်အသွေးမြင့်မားသော ပညာရေးဖြစ်စေရေးအတွက် ယခုကဲ့သို့ဆရာ၊ ဆရာမများ၏ သင်ကြားရေးအရည်အသွေးမြှင့်တင်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲပြီး၍ သက်ဆိုင်ရာကျောင်းအသီးသီးသို့ ပြန်လည်ရောက်ရှိသည့်အခါ ဆွေးနွေးပွဲမှရရှိသော တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံကောင်းများကို မိမိတပည့်ကျောင်းသား၊ ကျောင်းသူများအား ထိရောက်စွာပြန်လည်သင်ကြားပို့ချပေးကြရန်၊ ကျောင်းသား/ ကျောင်းသူအချင်းချင်း ပူးပေါင်းဆောင်ရွက်ကူညီလိုစိတ်များ ဖြစ်ပေါ်လာအောင် ပြုစုပျိုးထောင်ကြပ်မတ်ပေးကြရန်၊ အဆင့်မြင့်သောအတွေးအခေါ်စွမ်းရည်များ တီထွင်ကြံဆထိုးထွင်းသိမြင်တတ်သိသော အလေ့အကျင့်ကောင်းများရရှိပြီး ဘဝတွင် အသုံးချနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးကြရန်၊ တိုင်းချစ်၊ ပြည်ချစ် ပြည်ထောင်စုစိတ်ဓာတ်များ၊ နိုင်ငံတော်ကအားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ၊ လူရည်ချွန်များ၊ ပညာပြည့်ဝနှလုံးလှသော လူသားကောင်းများဖြစ်အောင် မွေးထုတ်ပေးကြရန်လိုအပ်ကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအောင်ချက်ရာခိုင်နှုန်းကို ယခင်နှစ်ထက် ပိုမိုတိုးတက်အောင် ပညာရေးဝန်ထမ်းအားလုံးက ကြိုးပမ်းပေးကြရန်လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍ ထူးချွန်အောင်မြင်မှုများဖြင့် တိုင်ဒေသကြီး၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ပိုမိုကြိုးပမ်းပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက သင်ကြားသင်ယူမှုထိရောက်ရေးနှင့်ပတ်သက်၍ ပို့ချမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျေးဇူးတင်စကား ပြောကြားသည်။
တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်းဆင့် (Grade-12) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြင့်ဆွေးနွေးပွဲတွင် ထားဝယ်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်မှနည်းပြများက သင်တန်းသားဆရာ၊ ဆရာမစုစုပေါင်း (၆၄၇) ဦး အား ဒီဇင်ဘာလ (၂၃) ရက်မှ (၂၇) ရက်နေ့အထိ သင်ကြားပို့ချဆွေးနွေးမည်ဖြစ်ပြီး (Grade-12) ဆွေးနွေးပွဲနှင့်အတူ (Grade–9) နှင့် (Grade-5) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြင့်ဆွေးနွေးပွဲကိုလည်း ခရိုင် (၄) ခု မှာရှိသည့် မြို့နယ်အားလုံးတွင် သင်တန်းသား ဆရာ၊ ဆရာမစုစုပေါင်း (၁၃၀၃) ဦးအား သင်ကြားပို့ချဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)