ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၃

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်သူ့အကျိုးပြုနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း အချိတ်အဆက်မိမိဖြင့် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ၏ (၇/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင်လည်းကောင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးကြောင့် ဌာနဆိုင်ရာများ၏ စက်ပစ္စည်းများပျက်စီးခဲ့ရာ စာရင်းပယ်ဖျက်ခွင့်ရရှိရေး စီမံဆောင်ရွက်ကြစေလိုကြောင်း၊ မကြာမီတက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုကြရတော့မည်ဖြစ်ပြီး အောင်ချက်မြင့်မားရေးနှင့် အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဘဏ္ဍာရေးအရ အသုံးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)