ဘားအံ ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် အခြေခံကျပြီး လက်တွေ့ကျကျဆောင်ရွက်ရသူများဖြစ်သည့်အတွက် အရေးကြီးရာ အလေးအနက်ထား ဆောင်ရွက်ကြဖို့လိုကြောင်း၊ အထက်ဌာနများမှ တောင်းခံလာသည့် စာရင်းဇယားများ၊ ကိန်းဂဏန်းအချက်များ မှန်ကန်ဖို့လိုသည့်အတွက် မြေပြင်ကွင်းဆင်း၍ တိတိကျကျဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးနှင့် လူတိုင်းအနည်းဆုံး အလယ်တန်းအဆင့် အောင်ဖို့လိုသည့်အတွက် ပညာရေးကို အားပေးမြှင့်တင်ကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ဆွေးနွေးညှိနှိုင်း၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြေလွတ်မြေလပ်မကျန် သီးထပ်သီးညှပ်များဖြင့် စိုက်ပျိုးမွေးမြူလုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များဖြစ်သော ကုန်ထုတ်လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေရရှိရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
အလားတူ အရွယ်ရောက်ပြီးသည့် နိုင်ငံသားအားလုံး ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးကို ကိုင်ဆောင်ခွင့်ရရှိစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကရင်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လူမှုဘဝဆောင်ရွက်ချက်တိုင်းတွင် မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားကို တန်ဖိုးထားကိုင်ဆောင်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူတိုင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၅ ကတ်ကို ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ဆက်လက်၍ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုနှင့် e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးမွေးမြူရေးဇုန်မှ တောင်သူများနှင့် အဆိုပါမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ တွေ့ဆုံရာ ဇုန်ကော်မတီဥက္ကဋ္ဌက ဇုန်အတွင်း မွေးမြူထားရှိမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် တိုးတက်မွေးမြူထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမေးမြန်းဆွေးနွေး၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ပေးအပ်ချီးမြှင့်သည့် တိရစ္ဆာန်ဆေးဝါးများနှင့် အာဟာရဆားခဲများကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာသာအေးမွေးမြူရေးဇုန်အတွင်းရှိ ဦးစိုးခိုင်၏ ဥစားကြက် ၅၀၀ ကောင် မွေးမြူရေးခြံ၊ ဒေါ်အေးနု၏ ဝက် ၂၇ ကောင် မွေးမြူရေးခြံ၊ ဦးအောင်ဆန်းဦး၏ နွား ၁၃ ကောင် မွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ပေးအပ်ချီးမြှင့်သည့် တိရစ္ဆာန်ဆေးဝါးများနှင့်အာဟာရဆားခဲများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)