ကြံခင်း ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက်(၈)နာရီခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူချိန်တွင် ကြက်ဥများ(အခမဲ့)ပေးဝေခြင်း၊ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအာဟာရပြည့်ဝစွာစားသုံးနိုင်ရန် ပေးအပ်သောကြက်ဥများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များက နိုင်ငံ့ဝန်ထမ်း ပင်စင်စားတစ်ဦးလျှင် ကြက်ဥ(၁၀)လုံးနှုန်းဖြင့် အလုံးရေး (၂၈၇၀)လုံးအား (အခမဲ့)ပေးဝေကြသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရန် ကြံခင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူချိန်၌ အခြေခံစားသောက်ကုန်များဖြစ်သော စားသုံးဆီ(၅၀)သားဘူးပါ တစ်ဘူးလျှင်(၄၃၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိသာလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေးကြပြီး၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ဆရာဝန်ဒေါက်တာဖုန်းမြတ်သာ နှင့်ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေး ဆောင်ရွက်ပေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များက ကြည့်ရှူအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)