ပခုက္ကူ ဒီဇင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဘောလုံးအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄)ရပ် ရွတ်ဆိုကြပြီး ဘာသာရပ်ပေါင်းစုံပါဝင်သော ညွှန့်ပေါင်း(က)အသင်းနှင့် ညွှန့်ပေါင်း(ခ)အသင်းတို့ အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြရာ ညွှန့်ပေါင်း(ခ)အသင်းက (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)