စလင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

    စလင်း ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေပြီး စာပေဝါသနာတူများ တစ်ဦးနှင့် တစ်ဦး ရင်းနှီးစေရန်အတွက် (Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် စကားစာအလင်္ကာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်ဦးစီးမှူးရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်စေပြီး အတွေးအခေါ်အယူအဆများ နှီးနှေဖလှယ်နိုင်ခြင်း၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ စဥ်းစားဝေဖန် ဆုံးဖြတ်စေနိုင်ခြင်းဖြင့် ရရှိသည့်အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ ယဥ်ကျေးပျူငှာစွာ စကားပြောဆိုဆက်ဆံတတ်စေပြီး ကိုယ်ကျင့်တရားများ ထိန်းသိမ်းနိုင်စွမ်းရှိကြောင်းဖြင့် စာပေကိုလေ့လာဖတ်ရှုကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းကိုပြုလုပ်ရာ Book Club အဖွဲ့ဝင် စိုးလင်းမောင်က စာအုပ်ပါအကြောင်းအရာများမှ ခေါင်းစဥ်ငယ်ဖြစ်သည့် “တအားအား တမှမှ၊ အတတ်ပညာနှင့်စိုကိုက်၊ မှန်လဲမှန်စေ ရှင်းလဲရှင်းစေ” စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကာ အိမ့်ချစ်ငယ် (Book Club)အဖွဲ့ဝင်က ဝါကျထဲက စကားလုံးနှစ်မျိုး၊ လောကဝတ် စကားများ၏ အနှစ်သာရ၊ စကားသံပြောင်းပုံစနစ် စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း