ပေါင်းတည် ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)ပညာရတနာခန်းမတွင် ဖွင့်လှစ်ပို့ချသည်။
သင်တန်းဖွင့်ပွဲ၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကြည်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ကျောင်းသားကျောင်းသူ သင်တန်းသား ၂၀ ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များက ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်၊ မူးမေ့သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးအဆစ်လွဲကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာရှေးဦးပြုစုခြင်း၊ လူနာကိုင်တွယ်သယ်ဆောင်ခြင်းများနှင့် အခြေခံအသက်ကယ်အထောက်အကူပြုနည်းများကို စာတွေ့လက်တွေ့ ၃ ရက်တာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း
မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ရွှေသား(ပြန်/ဆက်)