ဘားအံ၌ အခြေခံကင်းထောက်သင်တန်းဖွင့်ပွဲနှင့် အခြေခံပညာအထက်တန်းဆင့် (Grade-12) သင်ကြားမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အခြေခံကင်းထောက်သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ကင်းထောက်သင်တန်းသား၊ သင်တန်းသူများက ကင်းထောက်ဂုဏ်ရည် သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်မှအားထားရမည့် ကြီးမားသည့်အင်အားစုတစ်ရပ်ဖြစ်သော ကျောင်းသား/ကျောင်းသူလူငယ်များကို အစဉ်သင့်ဆိုသည့် ကင်းထောက်ဆောင်ပုဒ်နှင့်အညီ မည်သည့်အရေးပေါ်ကိစ္စတာဝန်ကိုမဆို ဖြတ်ထိုးဉာဏ်ဖြင့် လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်တတ်စေရန်၊ မိဘ၊ ဆရာ၊ ခေါင်းဆောင်တို့၏အမိန့်ကို တသွေမတိမ်း လိုက်နာတတ်စေရန်တို့အတွက် ဝိုင်းဝန်းပြုစုပျိုးထောင်ရင်း ကင်းထောက်လုပ်ငန်းများအောင်မြင် အောင် တာဝန်ရှိသူအပေါင်းမှ ကိုယ်စီပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကင်းထောက်သင်တန်းအတွက် ငွေကျပ် ၁၉,၄၇၅,၀၀ဝိ/-(တစ်ရာကိုးဆယ့် လေးသိန်းခုနှစ်သောင်းငါးထောင်ကျပ်)ကို ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အခြေခံကင်းထောက်ကြီးကြပ်၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် ကင်းထောက်လည်စည်းများကို ပေးအပ်ကာ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ကင်းထောက်သင်တန်းသား၊သင်တန်းသူများအတွက် ကင်းထောက်လက်စွဲစာအုပ်ကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ယခင်ကျင်းပပြီးစီးခဲ့သည့် ကင်းထောက်သင်တန်းမှ လှုပ်ရှားမှုအမှတ်တရ Video Clip ကို ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံကင်းထောက်သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ ကင်းထောက်လူငယ်သုံး အသုံးအဆောင်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်(Grade-12)သင်ကြားမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို နံနက် ၁၁ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ခေတ်နှင့်အညီတိုးတက်ပြောင်းလဲလာသည့် ပညာရေးလမ်းကြောင်းတွင် ဆရာ၊ ဆရာမများ အရည်အသွေးမြင့်မည်ဆိုပါက မျိုးဆက်သစ်ကျောင်းသားများ၏ အနာဂတ်လှပလာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏တပည့်များ ထူးချွန်အောင်သင်ကြားရေးကို အာရုံစိုက်သင်ကြားပေးသကဲ့သို့ ဗလငါးတန်ပြည့်ဝပြီး ထူးချွန်ကောင်းမွန်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း သင်ကြားပေးကြရန် တိုက်တွန်းပြောကြားပြီး ဆွေးနွေးပွဲ တက်ရောက်ကြသည့် ဆရာ၊ဆရာမများအတွက် ငွေကျပ် ၁၄,၈၅၀,၀၀ဝိ/-(တစ်ရာလေးဆယ့်ရှစ်သိန်းငါးသောင်းကျပ်) ကို ပြည်နယ်ပညာရေးမှူးထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်က သင်တန်းပို့ချဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ဆရာ၊ ဆရာမများ ဆွေးနွေးပွဲတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

အဆိုပါ အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမစုစုပေါင်း ၁၄၈၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ (၄)ရက်ကြာမြင့်မည်ဖြစ်ကာ အခြေခံပညာအထက်တန်းအဆင့် (Grade-12) မှ ဘာသာရပ်(၉)ခုအား ဘားအံတက္ကသိုလ်မှ ဆရာ၊ ဆရာမ ၉၉ ဦးက ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)