ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ တတိယပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများလှည့်လည်ကြည့်ရှုအားပေး

ပုသိမ် ဒီဇင်ဘာ ၂၂

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှားအားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၇၀၀) ကျော်ဖြင့် တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ၊ Physical  Fitness Dance များအား ဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များအားလုံး၌ ဒီဇင်ဘာလတတိယပတ်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၆၀၀၀) ကျော်ဖြင့် တပျော်တပါး စုပေါင်းလမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြို့နယ်၊ မြို့၊ ရပ်ကွက် ကျေးရွာများအတွင်း သန့်ရှင်းသာယာစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ရာ ပုသိမ်တက္ကသိုလ်ဝန်းအတွင်းရှိ နဝရတ်လမ်း၌ ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလည်းကောင်း၊ မဉ္ဇူဆောင်နှင့် သပြေဆောင်တို့တွင် ဌာနဆိုင်ရာများနှင့် အဆောင်နေကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး အဆောင်များ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ပန်းပေါင်းဝေဆာပြီး စိမ်းလန်းစိုပြေသော တက္ကသိုလ်ကြီးဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် မုဋ္ဌောကိုးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ဘုရားကြီးကုန်းမဟာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့အား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းဆိုင်ရာများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး၏စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့အား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၁၀၅/၅-၁၀၈/၄) အတွင်း (၄၈)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၁ဝ၆) အပင်နှစ်ဆယ်တံတား(၂၂၀)ပေ၊ မူလ(၂)လမ်းသွားမှ (၄)လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း(မိုင်၀/၀မှ ၀/၇.၂၅ အတွင်း) ယာဉ်သွားလမ်းချဲ့ခြင်း၊ ဆိုင်ကယ်လမ်းနှင့် လူသွားလမ်းပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)