ပွင့်ဖြူ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများဖြစ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်) နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကလေးငယ်များ၏ အနာဂတ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ်စောင့်ရှောက်ရမည့် လုပ်ငန်းတာဝန်များ၊ ကလေးငယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ပညာသင်ယူခွင့်ဆိုင်ရာ အခွင့်အလမ်းများ၊ ကလေးငယ်များဘဝလုံခြုံစေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်လာကြသူများက မြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးငယ်များဘဝ ဘက်စုံဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းကို ဝိုင်းဝန်းဆွေးနွေးကြပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်နှင့် အသင်းအဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)