ပွင့်ဖြူမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏ စွမ်းရည် ပြိုင်ပွဲများကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၀ ရက်နေ့က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ခဲ့မှု သိကောင်းစရာများ၊ ဗလငါးတန် ဖွံ့ဖြိုးစေရန် အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်နှင့် အသင်းအဖွဲ့ဝင်များနှင့် အတူ ကျောင်းသား၊ ကျောင်းသူများကို (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ ၊ ထိုင်ခုံလုပြိုင်ပွဲ ၊ အာလူးကောက်ပြိုင်ပွဲ စသည့် ကာယ ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးရာ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ များက စိတ်ဝင်တစ်စား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများနှင့် ကျောင်းသားကျောင်းသူ လူငယ်များ စာပေအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများကို ဖိတ်ခေါ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ စာပေ ဝါသနာရှင်များနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပခြင်း၊ အသိပညာပေး စာအုပ်စာစောင်ပြပွဲ ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြသခြင်း၊ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး နယ်လှည့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )