ဇလွန် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော ကလေးငယ်များအား အာဟာရအုပ်စုသုံးအုပ်စုနှင့် ညီမျှအောင် စားသုံးနိုင်စေရန်ရည်ရွယ်၍ မူကြိုကလေးငယ်မိခင်များ၏ တန်ဘိုးနည်းအာဟာရ ချက်ပြုတ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် လမ်းမတော်မြောက်ရပ်ကွက် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လမ်းမတော်မြောက်ရပ်ကွက် မူကြိုကလေးငယ်မိခင်များ၏ တန်ဘိုးနည်း အာဟာရချက်ပြုတ်ပြိုင်ပွဲတွင် ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုက တန်ဘိုးနည်း အာဟာရချက်ပြုတ်ပြိုင်ပွဲ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲ စတင်ခဲ့သည်။ ပြိုင်ပွဲတွင် လမ်းမတော်မြောက်ရပ်ကွက်ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းမှ ကျောင်းသားမိခင်များမှ အဖွဲ့(၅)ဖွဲ့ခွဲ၍ ယှဥ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ဒိုင်အဖွဲ့များ က အမှတ်ပေးစည်းမျဥ်းများအတိုင်း အကဲဖြတ်အမှတ်ပေးခဲ့ကြရာ ပထမဆုကိုအဖွဲ.(၁)၊ ဒုတိယ ဆုကိုအဖွဲ့(၃)၊ တတိယဆုကိုအဖွဲ့(၂)၊ အထူးဆု(၁)ကိုအဖွဲ့( ၅) ၊အထူးဆု(၂)ကို အဖွဲ့( ၄)တို့က အသီးသီးဆုများရရှိခဲ့ပြီး ဆုရအဖွဲ့များအား လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော မူကြိုကလေးငယ်မိခင်များ၏တန်ဘိုးနည်း အာဟာရချက်ပြုတ်ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရူ့အားပေးခဲ့ပြီး အဖွဲ့တစ်ဖွဲ့လျှင် ချီးမြှင့်ငွေ နှစ်သောင်းနှင့်ကြက်ဥအလုံး(၅၀)ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)