မင်းလှမြို့နယ်၌ ကျောင်းအခြေပြု တီဘီရောဂါစမ်းသပ်စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူ (၁၉၁၄၆)ဦး ရှိပြီဖြစ်

အထက်မင်းလှ ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို ဒီဇင်ဘာ(၁၆)ရက်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ(၁၉)ရက်နေ့အထိ (၁၉၁၄၆) ဦးနှင့် ကျောင်းပေါင်း(၁၄၆)ကျောင်း စစ်ဆေးဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းဆရာမများ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါ လက္ခဏာများနှင့် တီဘီရောဂါဖြစ်ပွားစေတတ်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး သလိပ်စစ်ဆေးခြင်း ရင်ခေါင်းဓာတ်မှန်ရိုက်ကူး ခြင်းနှင့် သွေးစစ်ဆေးခြင်းတို့ကို တီဘီဌာနနှင့်ဓာတ်မှန်ဓာတ်ခွဲဌာနတို့တွင် စစ်ဆေးပြီး လိုအပ်သည့်ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်။

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကြားတွင် တီဘီရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် တီဘီရောဂါပိုး စောစီးစွာရှာဖွေဖော်ထုတ်ကုသနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)