ပဲခူး ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ စုပေါင်းလူထု လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဥပဒေချုပ်တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သေနတ်ဖောက်၍ ဖွင့်လှစ်ပေးပြီး သယံဇာတရေးရာဝန်ကြီးဦးတင်သိန်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းအောင်၊ ဥပဒေချုပ်ဦးခင်မောင်တင့်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်မှပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပဲခူးမြို့အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပဲခူးမြို့ သားဖွားသင်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသူများ၊ ရပ်ကွက်နေပြည်သူများစုစုပေါင်းပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှ စတင်၍ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း၊ ကျောက်တွင်းကုန်းလမ်းဆုံမှ ရှင်စောပုလမ်း၊ ရွှေမော်ဘုရားလမ်း၊ ဟင်္သာလမ်းမှ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်းအထိ စုပေါင်းလမ်းလျှောက် ခဲ့ကြပြီး ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်းတွင် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအား စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။
ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲအား အပတ်စဥ်စနေနေ့တိုင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)