ဘားအံ ဒီဇင်ဘာ ၂၂
ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ တတိယအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဘားအံတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ စုစုပေါင်းအင်အား ၂၃၉၀ ဦးတို့သည် စုရပ်ဖြစ်သော သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့မှ သီရိလမ်းအတိုင်း၊ ဆေးရုံလမ်း၊ ကျော်ဇေယျလမ်း၊ မာန်းနဲစန်လမ်း၊ အ.ထ.က(၄)ကျောင်းလမ်းမှ တစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းသို့ ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ အကြောလျှော့လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်၍ ကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ယှဉ်နွှဲကြသူများအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ နံနက်စာ ကြာဇံကြော်ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အမျိုးသား၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ၊ Small Goal သွင်းပြိုင်ပွဲတို့ကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)