တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ကမ်းနားလမ်းတစ်လျှောက်တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ထားဝယ် ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်ပညာရေး ဒီဂရီကောလိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း တည်ဆောက်မည့် Hall ခန်းမ မြေနေရာနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်ပညာရေး ဒီဂရီကောလိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်၍ ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကောလိပ်ဝင်းအတွင်းရှိအဆောင်များ၊ လျှောက်လမ်းများ၊ ပန်းခြံနှင့် ပတ်ဝန်းကျင် သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း Hall ခန်းမ တည်ဆောက်မည့် မြေနေရာ ရှင်းလင်းထားမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြက်စားပြင်ရပ်၊ ကမ်းနားလမ်းတစ်လျှောက်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးအထိ လမ်းချဲ့ခြင်းလုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့် အောင်တံခွန် ငါးဈေးအကြား ၂ လမ်းသွားချဲ့ခြင်းနှင့် ၄ လမ်းသွားချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ဘုမ္မော်ချောင်းကူးတံတား (၈၀ ပေ သံကူကွန်ကရစ် တံတား ၁ စင်း) တည်ဆောက်နေမှု အခြေအနေ၊ ဆိပ်ကမ်းသာပန်းခြံရှေ့ မြေယာရှုခင်းဆောင်ရွက်နေမှု အခြေအနေ၊ မြောင်းပုလဲချောင်းကူးတံတား၊ ကမ်းနားလမ်းတံတားနှင့် ကွန်ကရစ်လမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကွန်ကရစ် ၂ လမ်းသွား ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်-ကမြောကင်း- မောင်းမကန်လမ်း ကျောက်စီရေမြောင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် တည်ဆောက်နေမှု အခြေအနေများများအား ကြည့်ရှုစစ်ဆေးပြီး လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ရက်အတွင်း သတ်မှတ်ထားသည့်စံချိန်စံညွှန်းနှင့် ပြီးစီးအောင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)