ဧရာဝတီမြစ်ကမ်းတစ်လျှောက် ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်သရိုက်များ မရှိစေရန် စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

မင်းဘူး ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ပလတ်စတစ်နှင့် တခြားအမှိုက်များ စွန့်ပစ်ခြင်းကင်းဝေးစေရန်၊ အမှိုက်သရိုက် ညစ်ညမ်းမှု မဖြစ်ပေါ်စေရန်အတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာကပ်၍ ပြသခြင်းများကို ထောက်ရှာပင်သင်္ဘောဆိပ်တွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်နှင့် ဆိပ်ကမ်းနယ်မြေများ၌ ဆိုက်ကပ်ထားသော ရေယာဉ်များ၊  ဆိပ်ကမ်းအနီးဝန်းကျင်ရှိ  စက်ရုံ၊ အလုပ်ရုံနှင့် ဈေးဆိုင်များ၊ ဆိပ်ကမ်းအနီးနေထိုင်သူများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးနှင့် အမှိုက်များကို မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့စွန့်ပစ်ခြင်းများကြောင့် ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်  ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် ပင်လယ်သမုဒ္ဒရာနှင့် မြစ်ချောင်းများအတွင်း ပလတ်စတစ်နှင့် တခြားအမှိုက်များ မစွန့်ပစ်ခြင်းဖြင့် အဏ္ဏဝါဗေဒ အမှိုက်သရိုက် ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး ဝိုင်းဝန်း ထိန်းသိမ်းကြပါစို့ ဆောင်ပုဒ်နှင့်အညီ ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်းအဖွဲ့က ထောက်ရှာပင်ဆိပ်ကမ်းရှိ  ရေယာဉ်များပေါ်၌ အသိပညာပေး ဗီနိုင်းများကပ်ခြင်း၊ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း၊ ဆိပ်ကမ်းအနီးရှိ စားသောက်ဆိုင်များ၌ အသိပညာပေး ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လူစည်ကားရာနေရာများ၌ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး အမှိုက်ပုံးများထားရှိပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ စုပေါင်းဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ခဲ့ကြပြီး ယခုကဲ့သို့ ပင်လယ်သမုဒ္ဒရာနှင့် မြစ်ချောင်းများအတွင်း ပလတ်စတစ်နှင့် တခြားအမှိုက်များ စွန့်ပစ်ခြင်း ကင်းဝေးစေရန်နှင့် အမှိုက်သရိုက် ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရန် စုပေါင်းအမှိုက်ကောက်ခြင်းနှင့်  လူထုအသိပညာပေးခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

‌ဇေယျာနိုင်(ရွှေကန်မြေ)