ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဓနုဖြူမြို့နယ်၊ ကျောင်းစုတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများ ဆောင်ရွက်

ဓနုဖြူ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ စုစုပေါင်း (၅၁) ဦး ပါဝင်သည့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ကျောင်းစုတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်ပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက ကျောင်းစုတိုက်နယ်ပြည်သူ့ဆေးရုံ၌ ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

မအူပင်ခရိုင်၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများက ဓနုဖြူမြို့နယ်၊ ကျောင်းစုတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူ (၄၈၉) ဦးတို့အား ကျန်းမာရေးကုသပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေရောဂါ (၁၇၈) ဦး၊ ခွဲစိတ်ရောဂါ (၁၆) ဦး၊ ကလေးရောဂါ (၃၁) ဦး၊ အကြောအဆစ်ရောဂါ (၂၉) ဦး၊ မျက်စိရောဂါ (၈၆) ဦး၊ သွားနှင့်ခံတွင်းရောဂါ (၃၃) ဦး၊ သားဖွားမီးယပ်ရောဂါ (၃၂) ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် စိတ်ကျန်းမာရေးလူနာ (၆) ဦး၊ ဓါတ်မှန်ရိုက်လူနာ (၃) ဦး၊ အရိုးရောဂါ (၇၅) ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးကုသခြင်းများဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးကုသပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် ကျောင်းစုတိုက်နယ်ဆရာဝန် ဒေါက်တာလှိုင်မင်းတို့မှ လိုက်လံကြည့်ရှုအားပေးပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)