ပွင့်ဖြူမြို့နယ်၌ နေကြာသီးနှံ (၅၉၄၉)ဧကထိ စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာ (၅၉၄၉)ဧကထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နေကြာစိုက်ဧက (၁၂၈၀၅)ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ နေကြာသီးနှံ (၅၉၄၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပြည်တွင်းဆီစားသုံးမှု ဖူလုံစေရန်နှင့် တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး နေကြာသီးနှံ (၁၂၈၀၅)ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ (၅၉၄၉)ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ နေကြာသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အထွက်နှုန်းများတိုးတက်ရေးနဲ့ အရည်အသွေးကောင်းမွန်စေရေးအတွက် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။  ဒေသခံတောင်သူတွေက နေကြာသီးနှံကို သီးသန့်စိုက်ပျိုးကြသလို နှစ်သီးစား ဝင်ငွေတိုးပွားစေရန် အခြားသီးနှံများနဲ့ ရောနှောကာ သီးညှပ်စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် နေကြာသီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးလုပ်ငန်းအား စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် ဆောင်းရာသီတွင် နေကြာစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်း တိုးတက်ရေး၊ အရည်အသွေးကောင်းသော သီးနှံများထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်များ မှန်ကန်ရေးနှင့် သွင်းအားစုပစ္စည်းများ စနစ်တကျ သုံးစွဲတတ်စေရေး အသိပညာပေးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာများကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)