ပွင့်ဖြူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဖူးစားပြောင်းသီးနှံ ၂၂၆၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဖူးစားပြောင်း ၂၃၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ ယခုအခါ ဒေသခံတောင်သူများက ဆောလျင်စွာ စိုက်ပျိုးခဲ့သော ဖူးစားပြောင်းစိုက်ခင်းများကို အောက်တိုဘာလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ ဖူးစားပြောင်း ၂၂၆၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေဖို့ ၊ တောင်သူတွေ သီးနှံ ဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်စေဖို့ ရည်ရွယ်ပြီး ဖူးစားပြောင်း ၂၃၁၆ ဧက စိုက်ပျိုးထားရှိ ပါတယ်။ ဖူးစားပြောင်း စိုက်ပျိုးချိန်မှာ ဒေသခံတောင်သူတွေကို အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး လိုအပ်တဲ့ စိုက်ပျိုးရေး နည်းပညာတွေ၊ ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို သိရှိလိုက်နာနိုင်အောင် တောင်သူပညာပေးတွေ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုဆိုရင် တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားရေး အားထားစိုက်ပျိုးခဲ့တဲ့ ဖူးစားပြောင်းစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းချိန်ရောက်ရှိလာပြီဖြစ်လို့ အောက်တိုဘာလကစပြီး ရိတ်သိမ်းခဲ့ရာ ယနေ့ထိ ဖူးစားပြောင်း ၂၂၆၇ ဧက ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ သီးနှံ အထွက်နှုန်းအနေနဲ့ တစ်ဧကို ပြောင်းဖူးအရေအတွက် ၁၄၃၂၀ ဖူး ထွက်ရှိပါတယ်။ ဖူးစားပြောင်းစိုက်ခင်းများ ရိတ်သိမ်းရာတွင် အထွက်နှုန်း လျော့နည်းမှု မဖြစ်အောင်၊ အရည်အသွေး ကောင်းမွန်အောင် အချိန်မီရိတ်သိမ်နည်းပညာနဲ့ ရိတ်သိမ်းပြီး ဖူးစားပြောင်းများကို အချိန်မီ အမိုးအကာအောက် စနစ်တကျ ထားသိုထိန်းသိမ်းနည်းပညာတွေကို ကူညီ ဆောင်ရွက်ပေးပါတယ်။ ယခုနှစ်မှာ ဖူးစားပြောင်းက ဈေးကောင်းရရှိတဲ့အတွက် တောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ် ရရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဖူးစားပြောင်းသီးနှံ စိုက်ပျိုးရေးကို (နွေ ၊ မိုး ၊ ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး ထိုသို့ စိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဒေသနဲ့ကိုက်ညီသော မျိုးကောင်းမျိုးသန့် ဖူးစားပြောင်းများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ဖူးစားပြောင်းစိုက်ပျိုးတောင်သူများ ပြောင်းဖူးရောင်းချရသည့်အပြင် ကျွဲနွားတိရစ္ဆာန်အစာအဖြစ် ဖူးစားပြောင်းပင်များကို ရောင်းချရ၍ နှစ်သီးစား ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)