ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးစီမံကိန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဒီဇင်ဘာ ၂၁

ချင်းပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးစီမံကိန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာ့ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံတွေကို ကြည့်မည်ဆိုပါက ဒေသတွင်း MSME ဟုခေါ်သည့် အသေးစား စက်မှုလက်မှုလုပ်ငန်းငယ်လေးများ ဖွံ့ဖြိုးအောင်မြင်ခြင်းကြောင့် စက်မှုလုပ်ငန်းကြီးများ ထူထောင်နိုင်ပြီး ကမ္ဘာ့အလယ်တွင် အင်အားကြီးစက်မှုနိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်လည်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း ပညာပေးသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဤသင်တန်းသည် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အခမဲ့သင်ကြား ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် နည်းပညာများနှင့် မိမိကိုယ်ပိုင်အရည်အသွေး၊ အကြံဉာဏ်များကို အသုံးချပြီး မိသားစုဝင်ငွေတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင်စေလိုပါကြောင်းဖြင့်   အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်မှုအခြေအနေကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ထူးချွန်သင်တန်းသား (၅)ဦးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများအားလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက  သင်တန်းဆင်းလက်မှတ်အားလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ခင်းကျင်းပြထားသည့် ဒေသဖွံ့ဖြိုးရေးသုံး စက်ကိရိယာများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)