ပေါက်ခေါင်းမြို့နယ်၌ ကြံတစ်တန် ကျပ် (၁၈၀၀၀၀) ထိဈေးကောင်းရ

ပေါက်ခေါင်း ဒီဇင်ဘာ ၂၁

ကြံရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်ရုံမှ ကြံတစ်တန်စက်ရုံအရောက် ကျပ် (၁၈၀၀၀၀) ထိဈေးပေးဝယ်ယူသည်ဟု ကြံစိုက်တောင်သူများထံမှ သိရသည်။

ယခုနှစ်ကြံရာသီအစပိုင်းမှာပင် ကြံတစ်တန် ကျပ် (၁၈၀၀၀၀) ထိဈေးရရှိသဖြင့် သွင်းအားစုစရိတ်၊ မြေဩဇာနှင့် အထွေထွေဈေးနှုန်းများ မြင့်မားနေချိန် ကြံတစ်တန်ဈေးနှုန်းက သင့်တင့်မျှတသည်ဟု ကြံစိုက်တောင်သူများကဆိုသည်။ ပြီးခဲ့သည့်ရာသီကကြံတစ်တန်ကို ကျပ် (၁၂၀၀၀၀) ထိသာ အမြင့်ဆုံးဈေးရရှိခဲ့ကြောင်း သိရသည်။ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်ကြံစိုက်ပျိုးရာတွင် ချက်ကြံရင့် (၂၀၄၉၉)ဧက၊ အခင်းသစ် (၁၆၁၄၅)ဧကနှင့် လမိုင်းခင်း (၄၃၅၄)ဧက စုစုပေါင်း (၄၀၉၉၈) ဧကစိုက်ပျိုးထားရှိသည်။ ကြံတစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် သင့်တော်သောအချိန်နှင့် ရာသီမီစိုက်ပျိုးနိုင်ရေးနှင့် ကြံမျိုးကောင်းအထွက်ကောင်းမျိုးအသုံးပြုရေး၊ လမိုင်းခင်းများကိုလည်း သေချာစနစ်တကျ ပြုပြင်ထားရှိခြင်းနှင့် ကြံမျိုးကောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကြံအထွက်နှုန်းတိုးတက်ရေးအတွက် စံပြစိုက်ခင်းများ၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲဖို့နဲ့ အပင်ကြီးထွားချိန် ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းခြင်းနှင့် နည်းပညာပေး ကူညီပံ့ပိုးပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)