လှိုင်းဘွဲ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနတို့ပူးပေါင်း၌ လူငယ်စကားဝိုင်းနှင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့မွန်းလွဲ(၂)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ လူငယ်တို့၏ အနာဂတ်အတွက် အရေး ကြီးသော ပညာရေး၊ အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ ရည်မှန်းချက်များ၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးကောင်းများရှိလာစေရန်နှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်အတွက် လူငယ်စကားဝိုင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်စကားဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဒေါ်စန်းစန်းအေး၊ နော်ဆာဟီးလာ၊ နော်ခိုင်ဝါမေ၊ နော်လှလှသန်း၊ နော်ကမွီမု၊ နော်ချစ်ချစ်ဇော်တို့က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်တို့ကို အသီးသီး ဆွေးနွေးခဲ့ကြကာ တက်ရောက်လာသော သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့အတူ စာဖတ်ဝိုင်းကို နော်ဖောစေးမူး၊ နော်ကမွီး၊ နော်မငွေလာ၊ နန်းတစ်တစ်၊ နော်မလေးနှင့် နော်ဒါးဂေတို့က စာရေးဆရာမောင်မင်းစိုး ရေးသားထားသော လူငယ်နဲ့လူမှုရေးစာအုပ်ထဲမှ လူငယ်နဲ့ စိုးရိမ်းစိတ်၊ လူငယ်နဲ့ဝါသနာ၊ လူငယ်နဲ့ပြိုင်ပွဲ၊ စာရေးဆရာလူထုစိန်ဝင်း ရေးသားထားသော လူကြီးလူကောင်း စိတ်နှင့်အခြားဆောင်းပါးများစာအုပ်ထဲမှ လူငယ်အကြောင်း လူငယ်ကိစ္စ၊ လူငယ်တွေ မှားနေတဲ့အချက်၊ တိုးတက်မှုနှင့်ချမ်းသာပျော်ရွှင်မှု၊ လူအမျိုးမျိုး စိတ်အထွေထွေနှင့် အရှင်ဆန္ဒာဓိက ရေးသားထားသော ရဲရင့်သူတို့၏နေရာစာအုပ်ထဲမှ ဝီရိယဆိုတာ ရဲရင့်ခြင်း၊ ရဲရင့်သူတို့၏ နှလုံးသွင်းနှင့် ခြင်္သေ့မင်းလိုရဲရင့်ပါ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက်)