နတ်တလင်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးနေမျိုးအောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့များက စက်သုံးဆီအရောင်းဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ တည်းခိုခန်းများ၊ ကာရာအိုကေဆိုင်များ၊ လူနေအိမ်များအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားဆောင်ရွက်မှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့်မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျငြှိမ်းသတ်ထားရှိမှု အခြေအနေများနှင့် ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်မီးများနှင့် ခြင်ဆေးခွေများ စနစ်တကျအသုံးပြုရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီသတင်းပေးပို့ကြရန်စသည်တို့ကို ဆွေးနွေးမှာကြားပြီး နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တို့အား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)