လက်ပံတန်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းအကြောင်းအရာများ၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် အားလပ်ချိန်တွင် အသိပညာဗဟုသုရရှိစေမည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် မူလတန်းအဆင့် ကဗျာရွတ် ဆိုပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြား၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အ.မ.က(ပေါက်ကုန်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူ များကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များကို အခမ်းအနားတက်ရောက်လာကြသူများမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)