ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၁

တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယခုလ (၁၇) ရက်နေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ဆုံးဖြတ်ပေးရမည့်ကိစ္စများကို တင်ပြဆောင်ရွက် ကြမည်ဖြစ်ပါကြောင်းနှင့် ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်စိစစ်၍ ဆက်လက်တင်ပြကြရမည်ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိစ္စနှင့်ပတ်သက်၍ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကမ်းခြေခရီးသွား လုပ်ငန်းနှင့်ဆက်စပ်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ရယူလုပ်ကိုင်ဆောင်ရွက်ရာတွင် စနစ်တကျ စိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်၍ ပြန်လည်တင်ပြကြရမည်ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကိစ္စနှင့်ပတ်သက်၍ ကြားနာစိစစ်ဆုံးဖြတ်ရာတွင် ကော်မတီဝင်များကလည်း မိမိတို့၏သဘောထားမှတ်ချက်များဖြင့် သုံးသပ်တင်ပြရန်လိုပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များအနေဖြင့် အမှုတွဲကိစ္စများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း တင်ပြဆောင်ရွက်လိုပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးက တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီး ပြန်လည်တင်ပြရန်ပေးပို့လာသည့် အမှုတွဲကိစ္စများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးပါရန်ကိစ္စ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့်အတွက် အာမခံကြေးများကို ပြန်လည်ထုတ်ယူခွင့် ပြုပါရန် ကိစ္စရပ်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)