မကွေး ဒီဇင်ဘာ ၁၈
၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာပြပွဲ အခမ်းအနားကို ယမန်နေ့က မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာပြပွဲအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဘက်စုံသုံးခန်းမ၌ ကျင်းပရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အတွက် အရေးပါအရာရောက်တဲ့ ပညာရေးကဏ္ဍမှာ အခြေခံအကျဆုံးကဏ္ဍကတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍဖြစ်ပါကြောင်း၊ တက္ကသိုလ်ဆိုတာ "သည်နေ့မျက်မှောက်ကာလဖြစ်သော ပညာခေတ်ရဲ့စိန်ခေါ်မှုကို ရင်ဆိုင်နိုင်တဲ့ အစဉ်လေ့လာသင်ယူနေသော လူဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းစေရန်"ဆိုသည့် အမျိုးသားပညာရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ပေးနိုင်တဲ့ ပညာရှင်ရပ်ဝန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ လူငယ်တိုင်းရဲ့ အနာဂတ်ဘဝမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အရေးအရာများအားလုံး ဟန်ချက်ညီညီဘက်စုံဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာမူဝါဒတွေကိုလည်း ချမှတ်ပြီး မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်တစ်ခေတ်ရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်မယ့်လူငယ်တွေ၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနဲ့ ဘောဂဗလဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေဖြစ်ထွန်းလာစေဖို့ ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာတွေကိုသာမက စည်းမျဉ်း စည်းကမ်းနဲ့ဥပဒေတွေကို သိရှိနားလည်လိုက်နာနိုင်အောင် ဥပဒေရေးရာဘာသာရပ်ကို အတန်းတိုင်းမှာ ပို့ချပေးနေပြီဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်ရဲ့မျိုးဆက်သစ်တွေဖြစ်သည်နှင့်အညီ ငြိမ်းချမ်းသာယာသော ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံအတွက် အာမခံချက်ကောင်းတစ်ခုဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မကွေးတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြကာ၊ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်တင်ဆက်ခဲ့သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ/ဆရာမများက ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဘာသာရပ်ဌာန အသီးသီးအလိုက် ခင်းကျင်းပြသလျက်ရှိသော ဘာသာရပ်ဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ